ဒီနေရာမှာ ကြိုက်တာရေးပါ (၁)

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ဒီနေရာမှာ ကြိုက်တာရေးပါ (၂)

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ဒီနေရာမှာ ကြိုက်တာရေးပါ (၃)

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ဒီနေရာမှာ ကြိုက်တာရေးပါ (၄)

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ဒီနေရာမှာ ကြိုက်တာရေးပါ (၅)

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ပညာ့ဗိမာန် နိဒါန်း

ဤ၀က်ဘ်ဆိုက်တွင် ပညာဆိုသည်မှာ ပညာရေးကို မရည်ညွှန်းပါ။ ပညာရေးနှင့် ပညာသည် ဆက်စပ်မှုရှိသလို ကွာခြားမှုလည်း ရှိပါသည်။ နိုင်ငံတခုခု၏ ပညာရေးစနစ်အပေါ် အခြေခံ၍ ပုံမှန် တည်ထောင်ဖွင့်လှစ် ထားသော ကျောင်းများတွင် အဓိကအားဖြင့် သင်ကြားလေ့လာခြင်းကို ပညာရေးဟု နားလည်ပါသည်။ ကျောင်း များတွင် တက်ရောက်လေ့လာ၍ ပညာရသည်များရှိသလို၊ မိမိကိုယ်တိုင် ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုများမှ ပြန်လည်သုံးသပ် ဆင်ခြင်ကာ ရသည့် ပညာများလည်း ရှိပါသည်။ ပညာကို နည်းလမ်း တခု မဟုတ် တခု သုံး၍ ဖြစ်စေ၊ နည်းလမ်းနှစ်ခု လုံးသုံး၍ဖြစ်စေ ရှာဖွေ၍ရနိုင်ပါသည်။

ပညာကို “သိမြင်ခြင်း” တနည်းအားဖြင့် “အသိဥာဏ် ပွင့်လင်းခြင်း” ဟူ၍ ဖွင့်ဆိုလျှင် မှားအံ့ မထင်ပါ။ ဤ ၀က်ဘ်ဆိုက်တွင် ပညာ ဆိုသည်အား မြန်မာဘာသာဖြင့် “ဥာဏ်ပညာ” အင်္ဂလိပ်ဘာသာဖြင့် “Wisdom” ကို ရည်ညွှန်းပါသည်။ ကျောင်း ပညာရေးသည် များသောအားဖြင့် အသက်အရွယ် အကန့်အသတ်ရှိပါသည်။ "ပညာရေးကို ဆုံးတဲ့အထိ လုပ်သွားခြင်တယ်” ဟုပြောလျှင် သာမန်အားဖြင့် တက္ကသိုလ်မှ ဘွဲ့တခု ရပြီးသည် အထိအပိုင်းအခြားကို ရည်ညွှန်း လေ့ရှိကြသည်။ အမြင့်ဆုံးအားဖြင့် သက်ဆိုင်ရာ ပညာရပ်တခုခုနှင့် စပ်လျှဉ်း၍ (Ph.D နှင့် အလားတူ) ပါရဂူဘွဲ့ တခုခု ရပြီးသည် အထိကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဥာဏ်ပညာကိုမူ အသက် အရွယ် အကန့်အသတ်မရှိ သေဆုံးသည့် အချိန်အထိ ရှာဖွေနိုင်ပါသည်။

ပညာသည် စွမ်းအားများအနက် တရပ်ဖြစ်၏။ ပညာ၏စွမ်းအားဖြင့် လူအများ အသိအမြင် ပွင့်လင်းလာလျှင် ဖိနှိပ်မှုကို တွန်းလှန်မှုဖြင့်၊ မတရားမှုကို တရားမှုဖြင့်၊ မမှန်တရားကို အမှန်တရားဖြင့် တုန့်ပြန်နိုင်စွမ်းရှိလာ၏။ သို့ဖြစ်၍ ပညာ၏ စွမ်းအားကို ခေတ်အဆက်ဆက်၌ အာဏာရှင်များက စိုးရွံ့ထိတ်လန့်ခဲ့ကြသည်။ မြန်မာ နိုင်ငံ၌ စစ်အာဏာရှင် စနစ်ကို တည်ဆောက်လျှက် နှစ်ပေါင်း ငါးဆယ်ကျော် သက်ဆိုးရှည်အောင် လွှမ်းမိုးအုပ် ချုပ်ခဲ့ရာတွင် လူထု၏ အင်အားချိနဲ့ သွားစေရန် ပညာ၏ အခန်းကဏ္ဍကို စနစ်တကျ ရိုက်ချိုးဖျက်ဆီးခဲ့သည်။ ဘွဲ့ရပါလျှက် ပညာတတ် ဖြစ်မလာသူများ၏ အရေအတွက်မှာ မြောက်များလှစွာ၏။ ဘွဲ့မရသော်လည်း ပညာရှင် ဖြစ်နေသူများ အနေဖြင့် စစ်အာဏာရှင်စနစ်ကို ခယ၀ပ်တွားခြင်းမရှိလျှင်၊ အလုပ်အကြွေးမပြုလျှင် နေရာပေးခြင်း မခံရ။ အသိအမှတ်ပြုခြင်း မခံရ။ အတော်များများ သည်ပင်လျှင် ဖိနှိပ်ခံခဲ့ကြရ၏။

သက်ဆိုင်ရာ ဘာသာရပ်များ၌ ကျွမ်းကျင်သူ ပညာရှင်များအဖြစ် တက္ကသိုလ်အသီးသီးက အသိအမှတ်ပြုခံရ သော ပညာရှင်များ၊ မည်သည့် တက္ကသိုလ်ကမျှ အသိအမှတ်မပြုသော်လည်း မိမိဘာသာ ကြိုးပမ်းလေ့လာ သင်ယူအားထုတ်ပြီး အသိဥာဏ် ရင့်ကျက်စေခြင်းဖြင့် ပညာရှင်ဖြစ်လာကြသူများ တို့အနက် ဧရာမအများစု ကြီးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ ယနေ့အချိန်အထိ ထိုက်တန်စွာ အသိအမှတ်ပြုခြင်း မခံရ။ နေရာပေးခြင်း မခံခဲ့ရ။ ဂုဏ်ပြုခြင်း မခံခဲ့ကြရ။ ဘ၀တွင် ငြှိုးငယ်ချို့တဲ့စွာ ရပ်တည် ရှင်သန်ကြရသည်။ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ကာလကို ပြန်ကြည့်လိုက်လျှင် အာဏာနှင့် ငွေကြေးသည် အခရာ ဖြစ်ခဲ့၏။ ပညာသည် နောက်တန်းတွင် ကျန်ရစ်ခဲ့လေပြီ။ ပညာနောက်ကို လိုက်သူ အများစုကြီးသည် ဘ၀ရပ်တည် ဘို့ပင် မနည်းရုန်းကန်ကြရ၏။ အာဏာနှင့် ငွေကြေးနောက်ကို လိုက်သူတို့သည် ဘ၀တွင် လက်မထောင်နိုင် ခဲ့ကြ၏။

မိမိသည် မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ အထွေထွေ အတွင်းရေးမှူးအနေဖြင့် အခြားရောင်းရင်း ရှေ့နေ ကြီးများနှင့်အတူ အဖွဲ့အစည်းကို ဦးဆောင်ကာ ၁၉၉၆ ခုနှစ်မှ စတင်ပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများ နှင့် နယ်စပ်ဒေသများ၌ လူ့အခွင့်အရေးနှင့် ဥပဒေရေးရာ သင်တန်းအမျိုးမျိုး ဖွင့်လှစ်ပို့ချခဲ့၏။ စာရင်းအရ နှစ်ပေါင်း ၁၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ပို့ချခဲ့သော သင်တန်းများအား လူကိုယ်တိုင် တက်ရောက်လေ့လာခွင့် ရခဲ့သူပေါင်း လေးထောင်ကျော်ရှိခဲ့၏။ သင်တန်းဆင်းပြီး သူများက နည်းပြများဖြစ်လာကြပြီး ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချ နိုင်သဖြင့် အကျိုးခံစားခွင့်ရခဲ့သူ လူထုဦးရေ မှာလည်း မနည်းလှ။

သင်တန်းတက်ခဲ့ကြသူ လူကြီးလူငယ် ပေါင်းများစွာတွင် အထူးသဖြင့် တွေ့မြင်ခဲ့ရသည်မှာ ပညာကိုလိုချင် ဇောကြောင့် ရွှင်လန်းတက်ကြွသည့် ၄င်းတို့၏ မျက်နှာများဖြစ်သည်။ ဤသည်ကို ဘယ်အခါမျှမမေ့နိုင်။ ယင်းမျက်နှာများကိုအကြိမ် ပေါင်းများစွာ တွေ့မြင်ခဲ့ရသည့်အခါ၊ ၄င်းတို့၏မေးခွန်းများကို နားထောင်ရသော အခါ မိမိလေ့လာ ထားသမျှကလေးမှာ မပြည့်စုံသေးဟု ခံယူမိလာသည်။ မိမိကိုယ်တိုင် ပညာကို ဆက်လက် လေ့လာလိုစိတ် ထက်သန်ခဲ့သည်။ မိမိမှာ ရှိသမျှ ပညာကလေးကိုလည်း ပြန်လည်မျှဝေလိုစိတ် ပြင်းပြခဲ့သည်။ ပညာကို လေ့လာစုဆောင်းပြန့်ပွားသည့် အလုပ်ကို ရသည့်နေရာ၊ ရောက်သည့် အရပ်မှနေ၍ ဆက်လက် လုပ်ဆောင်ရင်း လူထုအတွက် အုတ်တချပ် သဲတပွင့် အကျိုးပြုလိုသည့် ဆန္ဒ ပြင်းပျလာသည်။

ချုပ်၍ ဆိုရလျှင် ပညာပေါင်းကူးလိုသည့် ရည်ရွယ်ချက်ဖြင့် ဤ၀က်ဘ်ဆိုက်ကို ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ပညာကို လေ့လာပြန့် ပွားခွင့်ရသည့် အလုပ်မျိုးကို မိမိ အဘယ်ကြောင့် လုပ်ခွင့်ရခဲ့ပါသနည်း။ ပညာရေစီး ကြောင်းတွင် စီးမျော ခွင့်ရခဲ့ခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ တော်သည့် တတ်သည့် ပုဂ္ဂိုလ်များ၊ ပညာရှင်အဆင့်ရှိသူများ၊ ပညာ၏တန်ဘိုးကို မြတ်နိုးလှသူများ မြောက်များလှစွာ ရှိပါသည်။ သို့ရာတွင် ထိုပညာရှင်များအနက် အများစုကြီးမှာ ဖေါ်ထုတ်ခွင့် မရသည့်အပြင် စစ်အာဏာရှင် စနစ်ဆိုး၏ ချုပ်ချယ်မှု အမျိုးမျိုးကြောင့် ပညာရေစီးကြောင်းတွင် စီးမျောခွင့်ကို ကန့်သတ်ခြင်းခံခဲ့ရသည်ဟု ပြောနိုင်ပါသည်။

မိမိသည် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ပညာစတင်သင်ကြားခဲ့သည်။ ၁၉၇၆ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တွင် ဆရာဖြစ်သူ ဗဟိုတရားရုံးရှေ့နေကြီး ဦးခွန်ဝင်းလှိုင်နှင့် အတူတွဲကာ ရှေ့နေတစ်ဦးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားသည့် အချိန်၌ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဗဟိုတရားရုံးရှေ့နေတဦးအနေဖြင့် ဆက်လက်ရပ်တည် အသက်မွေးခဲ့သည်။ ဤအချိန်အထိ မိမိကိုယ်တိုင်သည်လည်း လွတ်လပ်သော ပညာရေစီးကြောင်းတွင် စီးမျောခွင့်မရခဲ့ပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် စစ်အာဏာရှင်များ၏ ဘေးအန္တရယ်ကို ရှောင်ရှား၊ လွတ်လပ်မှု ရည်မှန်းချက်အတွက် ဆက်လက်လှုပ်ရှားရင်း တိုင်းရင်းသားဒေသများ၏ တောတောင်လွင်ပြင် အရပ်ရပ် လူထုများနှင့် အဖွဲ့အစည်းများ၊ ခေါင်းဆောင်များအကြားတွင် နှစ်ပေါင်းအတော်ကြာ လွတ်လပ်စွာကျင်လည်ခဲ့၊ ၄င်းတို့ထံမှ လေ့လာမှတ်သားခွင့် ရခဲ့သည်။ နိုင်ငံပေါင်း အတော်များများတွင် အစည်းအဝေးပေါင်းများစွာကို တက်ရင်း လှုပ်ရှားတက်ကြွသူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်ကြီးများထံမှ လေ့လာခွင့်ရခဲ့သည်။ နိုင်ငံခြားတက္ကသိုလ် အချို့တွင် သင်ယူသူ၊ ဟောပြောသူ၊ Visiting scholar စသည့် အနေမျိုးဖြင့် သုတေသန ပြုခွင့်၊ ဖြန့်ဖြူးခွင့်ရခဲ့သည်။ တနည်းအားဖြင့် ပညာရေစီးကြောင်းတွင် တစုံတရာ စီးမျောခွင့်ရခဲ့သည်။ အပြောကျယ်လှသော ပညာသမုဒ္ဒရာတွင် ရေတပေါက်မျှ သောက်မိပြီဟု ခံစားမိသည်။

မိမိနှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ပညာရေစီးကြောင်းတွင် လွတ်လပ်စွာစီးမျောခွင့်ရခဲ့သည့် အခွင့်အရေးမျိုးကို အထူးသဖြင့် နောင်အနာဂါတ်တွင် ပြည်ထောင်စုကြီးကို ဦးဆောင်သွားမည့် လူငယ်များ၊ လက်ရှိအချိန်၌ စစ်အာဏာရှင်စနစ်ကို သံမဏိစိတ်ဓါတ်ဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေသော တော်လှန်ရေးသမားများ၊ ပညာ ငတ်မွတ်နေကြသော တိုင်းရင်းသားပေါင်းစုံ အခြေခံလူထုများ အတွက် စွမ်းနိုင်သမျှလေးဖြင့် အစပျိုးပေး ခြင်သည်။ ပညာခွန်အားများ တိုးများလာစေရေးအတွက် တစုံတရာပံ့ပိုးပေးခြင်သည်။ ရှိပြီးသော ရဲစွမ်းသတ္တိကို ပညာခွန်အားများဖြင့် ပေါင်းစပ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်မှနေ၍ ဖြိုလှဲနိုင်ရုံသာမက ပြည်ထောင်စု နိုင်ငံသားအားလုံး လွတ်လပ်၊ ငြိမ်းချမ်း၊ တိုးတက်သည့် ဘ၀များကို တည်ဆောက်ခွင့်ရစချင်သည်။ ဤစေတနာ ရည်ရွယ်ချက်ဖြင့် ပညာ့ဗိမာန် ၀က်ဘ်ဆိုက်ကို ထုတ်လုပ်ပါသည်။ ပညာ့ဗိမာန် ၀က်ဘ်ဆိုက်အား ပညာပေါက်တူး တခုအနေမျိုးဖြင့် အသုံးပြုကာ ပညာသမုဒ္ဒရာမှ ပညာရေစီးကြောင်းငယ် တချို့အား ပညာလိုလားသော အခြေခံလူထုများအတွက် ဖေါ်ထုတ်သွယ်တန်း ပေးသွားရန် ရည်ရွယ်ပါသည်။

ဤပညာ့ဗိမာန်ဝက်ဘ်ဆိုက် အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် အပြောကျယ်လှသော ပညာသမုဒ္ဒရာမှ ရေတ၀ သောက်မိပြီးထားသော ပညာရှင်များ အနေဖြင့်လည်းကောင်း၊ မိမိနှင့် အလားတူ ပညာရေစီးကြောင်း တွင် တစုံတရာ စီးမျောခွင့်ရခဲ့သူ မိတ်ဆွေများ ရဲဘော်များအနေဖြင့်လည်းကောင်း ပညာရပ်အရ ၀ိုင်းဝန်းပံ့ပိုး ကူညီကြရန် မေတ္တာရပ်ခံပါသည်။

အဓိကအားဖြင့် အကြောင်းရပ် ၂၀ မျိုးကို ခွဲခြားစုဆောင်းတင်ပြသည့်အခြေခံဖြင့် ပညာ့ဗိမာန် ၀က်ဘ်ဆိုက် အား ထုတ်လုပ်ပါမည်။ တဖြေးဖြေးနှင့် အချိန်ယူကာ သက်ဆိုင်ရာ အကြောင်းရပ်တခုချင်းစီ၌ ခေါင်းစဉ်ငယ်များ ထပ်မံခွဲခြားကာ တိုးချဲ့သွားရန် ရည်ရွယ်ပါသည်။ ဤ၀က်ဘ်ဆိုက်၏ အကြောင်းရပ် တခုခြင်းစီ အောက်၌ မိမိကိုယ်တိုင် ရေးသား ပြုစု ထားသည်များ (သို့မဟုတ်) ဦးဆောင် ပြုစုထားသည်များ (သို့မဟုတ်) စုဆောင်း ထားသည်များကို စတင် တင်ပြပြီး ခြေလှမ်းငယ် တလှမ်းကို လှမ်းလိုက်ပါမည်။ ထိုမှနေ၍ တဖြေးဖြေး အခြားပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ အဖွဲ့အစည်းများက ရေးသားပြုစုထားပြီး အများပြည်သူ လေ့လာပါက အကျိုးရှိနိုင်မည်ဟု မိမိအနေဖြင့် မှတ်ယူသော ရေးသားချက်၊ တင်ပြချက်များကို စုဆောင်း တင်ဆက်သွား ပါမည်။

ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ အခြေခံမှ တိုက်ခိုက် ရေးသားထားသည်များ မဟုတ်ဘဲ အချက်အလက် အပေါ် အခြေခံ၍ ကျိုးကြောင်းဆီလျော် သမာသမတ်ကျစွာ ပညာရပ်ဆန်ဆန် ရေးသားတင်ပြချက်များ အားလုံးကို လက်လှမ်းမှီသမျှ စုဆောင်းကာ ထည့်သွင်းဖေါ်ပြသွားပါမည်။ ပညာလိုလားသူ၊ ပျံ့ပွားလိုသူ ပုဂ္ဂိုလ်များ၏ အကူအညီကို ရယူလျှက် ပညာရပ်များကို တတ်နိုင်သမျှ အဆက်မပြတ် လေ့လာစုဆောင်းကာ ရှင်သန်နေသည့် အနေအထားမျိုးဖြင့် ပညာ့ဗိမာန် ၀က်ဘ်ဆိုက်ကို လည်ပတ်စေကာ ပြည်သူလူထုကို အကျိုးပြုသွားရန် ရည်သန်ပါသည်။

မိတ်ဆွေများအနေဖြင့် သက်ဆိုင်ရာ အကြောင်းရပ်တခုခြင်းစီနှင့် စပ်လျှဉ်း၍ ဤ ပညာ့ဗိမာန် ၀က်ဘ်ဆိုက်တွင် ထည့်သွင်းဖေါ်ပြသင့်သည်ဟု ယူဆသော စာမူများရှိပါက မိမိထံပေးပို့ကြရန် မေတ္တာရပ်ခံပါသည်။ ဤသို့ ပေးပို့ပါက ကလောင်အမည်၊ အမည်ရင်းနှင့်တကွ စာရေးသူ၏ ကိုယ်တိုင်ရေး အတ္တုပတ္တိအကျဉ်းကိုလည်း ပေးပို့စေလိုပါသည်။ ပစ်စာ သဘောမျိုးမဟုတ်ဘဲ တာဝန်ခံမှုရှိစွာ ဖေါ်ပြသည့် စာမျိုးကိုသာ ထည့်သွင်းလို သောကြောင့် ဖြစ်ပါသည်။

ဤ ပညာ့ဗိမာန် ၀က်ဘ်ဆိုက် ပိုမိုကြီးမားကျယ်ပြန့်လာစေရန် ၀ိုင်းဝန်း ပညာဒါနလုပ်လိုသော သို့မဟုတ် လက်တွဲဆောင်ရွက်လိုသော တော်လှန်ရေးရဲဘော်များ၊ ပညာရှင်များ၊ မိတ်ဆွေများ၏ အကြံဥာဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု မှန်သမျှကို လက်ကမ်းကြိုဆိုပါသည်။


အောင်ထူး (ရှေ့နေ)
ပညာပေါင်းကူးသူ